နားစည်နောက်က အသားပို (Cholesteatoma) အကြောင်း
Cholesteatoma ဆိုတာက နားရဲ့အလယ်ပိုင်းလို့ သတ်မှတ်လေ့ရှိတဲ့ နားစည်နောက်ဖက်မှာ အသားထစ် မူမမှန်စွာ ဖြစ်တည်တတ်ခြင်းကို ခေါ်ပါတယ်။ ဒီအသားထစ်က မကြာခဏ နားမှာ ပိုးတွယ်ယောင်ယမ်းနေရင် နားစည်ရဲ့အရေပြားနဲ့ ဆက်စပ်ပြီး ပေါ်လာတတ်ပါတယ်။
ပြီးရင် အရည်အိတ်ပုံစံသို့ ပြောင်းလဲတတ်ပြီး အရေပြားအဟောင်းတွေကို အလွှာလိုက်ကွာကျစေကာ နားအတွင်းမှာ အမှိုက်သဖွယ် စုပုံစေပါတယ်။ ကြာလာရင် ဒီအသားပိုဟာ အရွယ်ကြီးလာပြီး နားရဲ့အလယ်ပိုင်းတစ်ဝိုက်မှာ တည်ရှိနေတဲ့ အရိုးတွေကိုပါ လှိုက်စားလာနိုင်ပါတယ်။
ဒီအသားပိုကြောင့် နားမှာ ဘာပြသာနာတွေ ဖြစ်နိုင်သလဲ?
- နားမှ ပုပ်အယ်သောအရည်တွေ ထွက်ခြင်း
- ချာချာလည်အောင် မူးခြင်း
- နားထဲမှာ တဝီဝီကြားနေခြင်း
- အရည်အိတ်ကြီးလာတာနဲ့ အမျှ နားထဲမှာ တစ်ခုခု ပြည့်နေသလိုခံစားရပြီးနောက် အကြားအာရုံ ထိခိုက်ခြင်း
- ခေါင်းမူးခြင်း
- ဖြစ်တဲ့ဘက်ခြမ်းရှိ မျက်နှာတစ်ဖက်မှ ကြွက်သားများ အားနည်းခြင်း
- နားတွင်းရှိ အရိုးလှိုက်စားခံရမှုကြောင့် နားအတွင်းဆုံးအပိုင်းနဲ့ ဦးနှောက်ထိပါ ပိုးပျံ့နှံနိုင်ခြင်းစတာတွေပါပဲ။
Cholesteatoma ဟာ ကုသမှုမခံယူမိရင် နားထိုင်းခြင်း၊ ဦးနှောက်မှာ ပြည်တည်နာဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါး ယောင်ယမ်းခြင်းအထိ ဆိုးဝါးကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။
ကုသမှုနည်းလမ်းများ
Cholesteatoma ကို ကုသလို့ရပါတယ်။ ဒါပေမယ့် အလျှင်အမြန်ကုသဖို့တော့ လိုအပ်ပါတယ်။ ကုသနိုင်တဲ့ နည်းလမ်းတွေကိုလည်း ပြောပြပေးချင်ပါတယ်။
- ကနဦးမှာ နားကို ပိုးသတ်ဆေးများ၊ နားသန့်စင်ဆေးရည်များနှင့် သေချာစွာ သန့်စင်ရပါတယ်။ သို့မှသာ နားထဲမှ ညစ်ပတ်သော အရည်များ ထပ်မထွက်နိုင်တော့မှာ ဖြစ်ပါတယ်။
- အသားပိုရဲ့ အရွယ်အစားနဲ့ အနေအထားပေါ် မူတည်ပြီး ခွဲထုတ်ရတာမျိုးလည်း ပြုလုပ်ရနိုင်ပါတယ်။
Cholesteatoma ဟာ ရှားပါးဖြစ်စဥ်ဖြစ်ပေမယ့်လည်း အထက်ဖော်ပြပါ လက္ခဏာတွေကို ကြုံတွေ့လာရပြီဆိုရင် နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဆီ အမြန်ဆုံး သွားရောက်ပြသဖို့ အကြံပြုပါရစေ
ရေးသားသူ - ဒေါက်တာ မေမြတ်
Chue 23 Jul 2022 |
i want to know